ပန်းသီး စားသုံးခြင်းဖြင့် ရရှိသော ကောင်းကျိုး (၁ဝ) ချက်
25-Feb-2017တစ်နေ့ ပန်းသီး တစ်လုံးစားလျှင် ဆရာဝန်ပင် မလိုဟု အနောက်တိုင်း ဆိုရိုးရှိသည်။သို့ရာတွင် ပန်းသီးမှ ရရှိသော ကောင်းကျိုးများ ကိုမူ တိကျစွာ မပြောနိုင်ပေ။အောက်ဖော်ပြပါ အချက်များသည် ပန်းသီး စားသုံးခြင်း၏ ဆိုရိုးကို ထောက်ခံသော ရလဒ်များပင်ဖြစ်သည်။
၁။ အရိုးကို ကာကွယ်ခြင်း
Flavanoid ဒြပ်ပေါင်းသည် သွေးဆုံးပြီး အမျိုးသမီးများ၏ အရိုး သိပ်သည်းဆကိုမြင့်မားစေသည်ဟု ပြင်သစ် သုတေသီများက ဆိုသည်။ အဆိုပါ ဒြပ်ပေါင်းသည် ပန်းသီး၌သာ ပါရှိသည်။ ထို့အပြင် ပန်းသီးတွင် ပါသည့် Boron ဒြပ်ပေါင်း သည်လည်း အရိုးများကို ခိုင်မာစေသည်။
၂။ ပန်းနာရင်ကျပ် ရောဂါမှ ကာကွယ်ခြင်း
မကြာသေးမီက လေ့လာ စမ်းသပ်ချက် အရ ပန်းသီး ဖျော်ရည်ကို နေ့စဉ် သောက်သုံးသော ကလေးများသည် တစ်လ တစ်ကြိမ်သာ သောက်သော ကလေးများထက် ပန်းနာဝေဒနာ ခံစားရမှုမှ လျော့နည်းစေသည်ဟု သိရသည်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများ၌ ပန်းသီးများများ စားသုံးသူများနှင့် ပန်းသီး မစားသောသူများကိုနှိုင်းယှဉ်ကြည့်ပါက မွေးဖွားလာသော ကလေးများတွင် ပန်းသီး စားသုံးမှုများသော မိခင်၏ ကလေး၌ ပန်းနာရင်ကျပ် ရောဂါဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ရသည်ဟုဆိုသည်။
၃။ အယ်လ်ဇိုင်းမား ရောဂါမှ ကာကွယ်ခြင်း
အမေရိကန်နိုင်ငံ Cornell တက္ကသိုလ်မှ သိပ္ပံပညာရှင် များ၏ ကြွက်များ နှင့်စမ်းသပ်ချက် အရ ပန်းသီးတွင် ပါဝင်သော quercetin ဒြပ်ပေါင်းသည် ဦးနှောက်ဆဲလ် များရှိ Free radical များ ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ ယင်းသည် အယ်လ်ဇိုင်းမား ရောဂါဖြစ်ပွားမှု လျော့ကျစေသည်ဟု ဆိုသည်။
၄။ ကိုလက်စထရော ကျဆင်းစေခြင်း
တစ်နေ့လျှင် ပန်းသီးနှစ်လုံး စားသုံးပါက သွေးတွင်း အဆီဓာတ်ကို ၁၆ ရာခိုင်နှုန်းအထိလျော့နည်း စေနိုင်ကြောင်း သိရသည်။
၅။ အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ခြင်း
သုတေသီများ၏ လေ့လာချက် အရ ပန်းသီး စားသုံးသောသူ ၁ဝဝဝဝ တွင် အဆုတ်ကင်ဆာ ဖြစ်ပွားမှု ၅ဝ ရာခိုင်နှုန်း လျော့ကျစေသည်။
၆။ ရင်သားကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း
Cornell တက္ကသိုလ်မှ စမ်းသပ်ချက် အရ တစ်နေ့ ပန်းသီးတစ်လုံးနှုန်း အကျွေးခံရသော ကြွက်များတွင် ရင်သားကင်ဆာ ဖြစ်ပွားမှု ၁၆ ရာခိုင်နှုန်း ကာကွယ်ကြောင်း တွေ့ရသည်ဟု ဆိုသည်။ အဆိုပါ ကြွက်များကို တစ်နေ့ ပန်းသီးသုံးလုံး ကျွေးသောအခါ ၃၉ ရာခိုင်နှုန်း အထိ ကာကွယ်ကြောင်း၊ တစ်နေ့ ခြောက်လုံးအထိ ကျွေးလျှင် ၄၄ ရာခိုင်နှုန်း ကာကွယ်စေကြောင်း စမ်းသပ် တွေ့ရှိရကြောင်း သိရသည်။
၇။ အူမကြီးကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း
အဆိုပါ တက္ကသိုလ်၏ လေ့လာချက် အရ ပန်းသီးဖျော်ရည် တိုက်ကျွေးခဲ့သော ကြွက်များ၌ အူမကြီးကင်ဆာ ဖြစ်ပွားမှုမှ ၄၃ ရာခိုင်နှုန်း အထိ ကာကွယ်မှု ပေးကြောင်း လေ့လာတွေ့ရှိရသည်။ ပန်းသီးရှိ Pectin ဒြပ်ပေါင်းသည် အူလမ်းကြောင်း တစ်လျှောက်ရှိ အစာခြေစနစ်ကို အထောက်အကူ ပြုရုံမက အူမကြီးကင်ဆာ ဖြစ်ပွားမှုကို ထိန်းချုပ်ပေးသည်။
၈။ အသည်းကင်ဆာ ဖြစ်ပွားမှု လျော့နည်းစေခြင်း
ပန်းသီးအခွံပါ ရောကြိတ် ထားသည့် ဖျော်ရည် သောက်သုံးပါက အသည်းကင်ဆာဖြစ်ပွားမှုကို ၅၇ ရာခိုင်နှုန်း အထိ ကာကွယ်ပေးသည်။
၉။ ဆီးချိုသွေးချိုကို ထိန်းညှိပေးခြင်း
လူ့ခန္ဓာကိုယ်ရှိ ဂလာကျူတိုးနစ် အက်စစ်ကို ပန်းသီးတွင် ပါဝင်သည့် Pectin ဒြပ်ပေါင်းက အထောက်အပံ့ ပေးခြင်းဖြင့် ဆီးချိုသွေးချိုကို ထိန်းညှိပေးသည်။
၁ဝ။ ကိုယ်အလေးချိန် တက်မလာအောင် ကာကွယ်နိုင်ခြင်း
ကိုယ်အလေးချိန် လျှော့နေစဉ် အချိန်အတွင်း ပန်းသီး သို့မဟုတ် သစ်တော်သီး သုံးလုံးစားသော အမျိုးသမီး များသည် မစားသော အမျိုးသမီး များထက် ကိုယ်အလေးချိန် ကျနှုန်း ပို၍ မြန်ဆန်ကြောင်းကို ဘရာဇီး သုတေသီတို့က လေ့လာချက် အနေဖြင့် ဖော်ပြထားသည်။
Healthcare.com.mm
Source : NPE
+HealthPlusMm